|
သရုပ်ဆောင်နှင့် ရုပ်ရှင်မင်းသား Park Yong-ha ၏ ဈာပနအခမ်းအနားကို ဇူလိုင်လ (၂) ရက်နေ့က ပြုလုပ်ခဲ့ပြီး အနုပညာညီအစ်ကို မောင်နှမများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှ ပရိသတ်များကလည်း များစွာဝမ်းနည်း ကြေကွဲနေကြပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နှင့် ကြာသာပတေးနေ့များက ဂျပန်နိုင်ငံတွင် ကိုရီးယားလူမျိုးစုများ အများအပြားနေထိုင်သော Tokyo Okubo ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ အမှတ်တရ ဆုတောင်းပွဲလေးသို့ ပရိသတ်ပေါင်း 1000 ခန့် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Park Yong-ha ဂျပန်နိုင်ငံ လာစဉ်က အမှတ်တရ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သော Shibuya စတိုးဆိုင်တွင်လည်း ပရိသတ်များက ကြေကွဲဝမ်းနည်းမှုများကို ဖော်ပြခဲ့ပါတယ်။ သရုပ်ဆောင် Park Yong-ha ရဲ့ ဈာပန အခမ်းအနား ပြုလုပ်တဲ့ မနက်ခင်းအစောပိုင်းမှာ ပရိသတ်များဟာ St.Mary ဆေးရုံရဲ့ ခန်းမဆောင်မှာ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးခဲ့ကြပါတယ်။ အနုပညာလောကမှ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမများမှလည်း ငိုကြွေးခဲ့ကြပါတယ်။ သရုပ်ဆောင် So Ji-sub က သေဆုံးသူရဲ့ ဓါတ်ပုံကို ကိုင်ဆောင်ကာ နောက်ဆုံးခရီးစဉ်ကို လိုက်ပါပို့ဆောင် ပေးခဲ့ပါတယ်။ မင်းသားSo Ji-subဟာ Park Yong-haရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
|